general179 wordsRead on Arc Codex

ဦးမင်းအောင်လှိုင်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဥ် ပြီးဆုံး

မြန်မာနဲ့ဗီယက်နမ်အကြား ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ ဗီယက်နမ် သမ္မတ တိုလန်း (To Lam) နဲ့ စစ်တပ်ခန့်အစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဥ်အတွင်း စက်တင်ဘာ ၅ ရက်နေ့က ဆွေးနွေးရာမှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာတွေကို အဓိကပါဝင်ခဲ့ပြီး ဒီအထဲမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးတိုးမြင့်ဖို့ သဘောတူခဲ့တာလို့ ရိုက်တာသတင်းက ရေးပါတယ်။ ဒါ့အပြင် ဦးမင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး ဗီယက်နမ် နိုင်ငံမှာရှိတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီအထဲမှာ ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ VinFast နဲ့ မြန်မာနိုင်ငံက မိုင်တယ် Mytel ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ လုပ်ကိုင်နေတဲ့ ဗီယက်နမ်စစ်တပ်ပိုင် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Viettel ကိုလည်းသွားရောက်ခဲ့ပါတယ်။ ဖိုရမ်မှာ ၂၀၂၁ အာဏာသိမ်းအပြီး မြန်မာနိုင်ငံက ထွက်ခွါသွားတဲ့ ဗီယက်နမ်လုပ်ငန်းတွေ ပြန်လာဖို့လည်း စစ်အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်နိုင်ငံအချင်းချင်း နယ်မြေအသုံးပြုပြီး တိုက်ခိုက်တာတွေ ဖြစ်မလာအောင်တားဆီးဖို့ကတိကိုလည်း သက်တမ်းတိုးခဲ့တယ်လို့ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးတွေကိုလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ ပြုလုပ်ဖို့လည်း သဘောတူခဲ့တယ်လို့သိရပါတယ်။ ဒီခရီးစဉ်မတိုင်ခင် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ရေး ဆွေးနွေးခဲ့တယ်လို့ ဗီယက်နမ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခု ဗီယက်နမ်ခရီးစဉ်ဟာ ခုနစ်နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာအရေးယူမှုတွေ ဖြစ်လာအောင် လှုပ်ရှားနေတဲ့ Justice For Myanmar (JFM) ကတော့ ဗီယက်နမ်ခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာ စစ်တပ်ကြား ရှိပြီးသား စီးပွားရေးနဲ့ စစ်ရေးဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အတွက် ဗီယက်နမ်အစိုးရရဲ့ ဖိတ်ကြားမှုကို ရှုတ်ချကြောင်း စက်တင်ဘာလ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ကန့်ကွက်ထား ပါတယ်။ ဒီခရီးစဥ်ကြောင့် မြန်မာစစ်တပ်အတွက် နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရရှိလာနိုင်သလို၊ အာဆီယံအသင်းထဲက တစ်နိုင်ငံချင်းဆီနဲ့ ဆက်ဆံရေးကနေ နိုင်ငံရေးအရတရားဝင်မှု ရအောင် ကြိုးပမ်းနေတာလို့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခုစက်တင်ဘာလ အတွင်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ကတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

How it works

Once you click Generate, Ollama reads this article and crafts 5 comprehension questions. Your answers are graded against the article content — general knowledge won't be enough. Score 70+ to count toward your certificate.

Questions are cached — you'll always get the same 5 for this article.