general205 wordsRead on Arc Codex

စစ်အာဏာသိမ်းအပြီး သေဆုံးရသူ ၁ သိန်းကျော်ရှိလာ

၂၀၂၁ စစ်အာဏာသိမ်းအပြီး ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၁ သိန်းကျော်သွားပြီလို့ ကမ္ဘာပေါ်က စစ်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခ နေရာနဲ့ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (Armed Conflict Location & Event Data - ACLED) က ဇူလိုင်လ ၁ ရက်နေ့က ပြောကြားပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သား အစိုးရကို စစ်တပ်က ဖြုတ်ချပြီး ဆယ်နှစ်တာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဆုံးသတ်ခဲ့ကြောင်း၊ ဒီလိုအာဏာသိမ်းခဲ့တဲ့အတွက် မကျေနပ်တဲ့ ပြည်သူသန်းပေါင်းများစွာက နိုင်ငံတစ်ဝှန်းဆန္ဒပြပွဲတွေ ပြုလုပ် ဆန့်ကျင်ခဲ့တဲ့အတွက် စစ်ခေါင်းဆောင်တွေက အကြမ်းဖက် နှိမ်နင်းတာ၊ ဖမ်းဆီးထောင်ချတာတွေ ဖြစ်ခဲ့သလို စစ်အာဏာသိမ်းခေါင်းဆောင်တွေကို တော်လှန်တဲ့ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာ ခဲ့ကြောင်း၊ နောက်ဆုံး ရရှိတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းအပြီး သေဆုံးရသူ အရေအတွက်ဟာ ၁၀၀,၁၁၄ ဦးရှိသွားပြီဖြစ်ကြောင်း ACLED အဖွဲ့က ပြောပါတယ်။ အမှန်တကယ်သေဆုံးရသူ အရေအတွက် အတိအကျတော့ တရားဝင်ထုတ်ပြန်တာမရှိသလို ခန့်မှန်းချက်တွေ ကလည်း ကွဲပြားမှုရှိပေမယ့် ငါးနှစ်ကြာ ပြည်တွင်းစစ်ဟာ အာရှမှာ လူသေဆုံးမှုအများဆုံး ပြည်တွင်းစစ်အဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဇွန်လက ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခင်ပွန်းဖြစ်သူ အသက်ဆုံးခဲ့ရသူ ၄၉ နှစ်အရွယ် မသိန်းအေးနုကတော့ “နာကျင်ကြေကွဲရတာ အဆုံးမရှိသလိုပါပဲ။ အကြီးအကျယ်ဒေါသဖြစ်ရသလို အကြီးအကျယ်လည်း စိတ်နာရပါတယ်။ ဒါပေမယ့် ကြာတော့လည်း ဘယ်သူ့ကို ဒေါသဖြစ်ရမလဲ၊ ဘယ်သူ့ကို စိတ်နာရမလဲ မသိအောင် ဖြစ်နေရပါပြီ။ ကံကိုပဲ ယိုးမယ်ဖွဲ့ပြီး စိတ်ဖြေရတော့တာပါပဲ”လို့ သူက AFP သတင်းဌာနကို ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ၅ နှစ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီး၊ အကျဥ်းချ၊ နိုင်ငံရေးကဘေးထုတ်ပြီး စစ်တပ်စိတ်တိုင်းကျ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လုပ်ပွဲအဖြစ်နဲ့ ရွေးကောက်ပွဲအတုလို့ ဝေဖန်ရှုံ့ချခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကနေ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့ပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုပဲ သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခဲ့ ကြပါတယ်။ ဒါပေမယ့် ပြည်သူတွေလိုလားတဲ့ လိုလပ်တရားမျှတတဲ့ ဒီမိုကရေစီစနစ် ပြန်ရောက်မလာဘဲ နာမည်ပြောင်း စစ်အစိုးရပဲ ဆက်ပြီး အုပ်ချုပ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ ACLED အဖွဲ့ရဲ့ တွေ့ရှိချက်အရ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပါလက်စတိုင်းဒေသပြီးရင် ဒုတိယ အကြမ်းဖက် ပဋိပက္ခအထူပြောဆုံးနိုင်ငံဖြစ်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်အုပ်စုကွဲ ၁၂၀၀ အထိ ရှိနေတာကို စာရင်းပြုစုနိုင်ခဲ့ပြီး “ကမ္ဘာပေါ်မှာ စစ်တပ်ဆန့်ကျင်ရေး အကြောင်းရင်းတစ်ခုထဲမှာ အဖွဲ့ကွဲအများဆုံး၊ အစိတ်စိတ်အမွှာအမွှာအဖြစ်ဆုံး လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်”လို့ ACLED က ပြောပါတယ်။ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခဲ့ပြီး ၂၀၂၅ နှစ်ဆန်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးနိုင်ငံရေး ကူညီပံ့ပိုးမှုတွေရခဲ့ပါတယ်။ ၂၀၂၅ တစ်နှစ်ထဲမှာ လူငယ် ၅၀၀၀၀ ကျော်ကို အတင်းအကြပ်စစ်မှုထမ်းစေခဲ့ပြီး အဲဒီနောက် ၂၀၂၅ နှစ်ကုန်မှာ မြန်မာစစ်တပ်ဟာ စစ်ရေးမှာအသာစီးရ လာခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့တွေ အနိုင်တိုက်နိုင်စွမ်းမရှိခဲ့ပါဘူးလို့လည်း ACLED အဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

How it works

Once you click Generate, Ollama reads this article and crafts 5 comprehension questions. Your answers are graded against the article content — general knowledge won't be enough. Score 70+ to count toward your certificate.

Questions are cached — you'll always get the same 5 for this article.